International News

အိန္ဒိယနိုင်ငံ၌ မတ်ပဲတန်ချိန် ၂.၅ သိန်းအား တိုးမြှင့်တင်သွင်းခွင့်ပြုခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ မတ်ပဲတန်ချိန် ၂.၅ သိန်းအား တိုးမြှင့်တင်သွင်းခွင့်ပြုခြင်း

  အိန္ဒိယနိုင်ငံ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ်ပဲ တင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို မူလကတန်ချိန် ၁.၅ သိန်း သတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် ၂.၅ သိန်း တိုးမြှင့်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာန (DGFT) က ၁၉.၁၂.၂၀၁၉ နေ့တွင် Trade Notice No.43/2019-2020 ဖြင့် ကုန်သွယ်ရေးအသိပေးချက် ထုတ်ပြန်လိုက်ပါသည်။

      အိန္ဒိယနိုင်ငံ၏ ၂၀၁၅-၂၀၂၀ နိုင်ငံခြား ကုန်သွယ်မှုမူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအားပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာနက သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်း ကိုတာ တန်ချိန် ၄ သိန်းအထိ ကန့်သတ်တင်သွင်းခွင့်ပြုလိုက်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရက နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေး ထိုးထားရှိသည့် နားလည်မှုစာခွန်လွှာ (MoU) များနှင့် သက်ဆိုင်ခြင်းမရှိကြောင်းဖေါ်ပြထားသည့် အမိန့်ကြော်ငြာစာကို ၁၈.၁၂.၂၀၁၉ နေ့တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

     DGFT ဌာနသည် အဆိုပါအမိန့်ကြော်ငြာစာအရ ကုန်သွယ်မှုအသိပေးချက်ကို ထပ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုးမြှင့်တင်သွင်းခွင့်ပြုမည့် မတ်ပဲတန်ချိန် ၂.၅ သိန်းအား ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်းလုပ်ကိုင်သူများ သို့ တင်သွင်းခွင့်ကိုတာများ ခွဲဝေချထားပေးမည်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်း အင်တာနက်အွန်လိုင်းမှ ကိုတာလျောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ ထပ်တိုးမတ်ပဲကိုတာ တန်ချိန် ၂.၅ သိန်းအား တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် ၃၁.၃.၂၀၂၀ နေ့ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(Source: Trade Notice No.43/2019-2020, Directorate General of Foreign Trade, Ministry of Commerce and Industry of India)

အိန္ဒိယနိုင်ငံ မြန်မာစီးပွားရေးသံမှူး

Category: International News